ဆရာဝန်များ လောဘကြီး၍လော။

This post is written in Myanmar3 font.
ဆရာဝန်များ လောဘကြီး၍လော။
ဆရာဝန်များ အရည်အချင်းမရှိ၍လော။
ဆရာဝန်များ လူနာအပေါ် စေတနာမရှိ၍လော။



စောကြောကြည့်ကြပါစို့။


ဆရာဝန်များ အထူးသဖြင့် နာမည်ကြီးဆရာဝန်ကြီးများ တစ်နေကုန်ဆေးကုနေကြသည်မှာ ၊နားရက်နားချိန်ပင်မထားလေသည်လောမသိ။ဆရာဝန်များ လောဘကြီး၍ပေလော။


နံနက်စောစော ပြည်သူ့ဆေးရုံများတွင်တာဝန်ချိန်မရောက်သေးခင် သုံးလေးနာရီ ကြိုပြီး ပုဂ္ဂလိကဆေးရုံများ၊ဆေးခန်းများတွင်ဆေးကုကြ၏။

ထို့နောက်တဖန် ပြည်သူ့ဆေးရုံများတွင်တာဝန်ချိန်ကိုထမ်းဆောင်ရ၏ ။
ထိုသို့ထမ်းဆောင်ရရုံဖြင့်လည်းအားမရသေးသည်လောမသိ ၊
နေ့ခင်းနေ့ဘက် တာဝန်မှအနားခတ္တရချိန်လေးတွင်လည်း တစ်နာရီတန်သည် ၊နှစ်နာရီတန်သည် ပြင်ပဆေးရုံဆေ:ခန်းများတွင် ဆေးကုကြသေး၏။


ပြီးလျှင်ပြည်သူ့ဆေးရုံများတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြပြန်၏ ။
ဤသို့ဖြင့် ညနေလေးနာရီထိုးလျှင်ပြည်သူ့ဆေးရုံများတွင်တာဝန်ပြီးဆုံး၏။


ဆရာကြီးမဟုတ်သေးသူဆရာလေးဟုခေါ်ရမည်လောမသိသူ ဆရာဝန်များကားပြည်သူ့ဆေးရုံများတွင် အချို့မှာ နေ့ဆိုင်းညဆိုင်းဆင်း၍လည်းကောင်း၊ အချို့မှာ မြန်မာတစ်ပြည်လုံးရှိရှိသမျှပြည်သူ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိကြီးဟူသော ဂုဏ်ဆောင်သူများထဲတွင်မှ အလုပ်ချိန်အကြာဆုံးလုပ်၍ ဂရင်းနစ်စံချိန်ယူမည့် ပြန်တမ်းဝင်အရာရှိဟူ၍ရည်ရွယ်ထားသလောမသိ ပြည်သူ့ဆေးရုံများတွင် နှစ်ဆယ့်လေးနာရီ အချိန်ဆိုင်းဖြင့်ဆင်းကြလေ၏၊အချို့ကား ထို့ထက်မက သုံးဆယ်နာရီ ၊သုံးဆယ့်ခြောက်နာရီ စသည်ဖြင့် အလုပ်ဆင်းကြရသူများလည်းရှိပြန်သေး၏။


အခြားသူများကား လေးနာရီထိုးလျင်တာဝန်ချိန်ပြီး၏။ဤသို့လေးနာရီထိုးကာတာဝန်ချိန်ပြီးလျှင် တာဝန်ထမ်းဆရာဝန်တို့မှာ ဆေးရုံမှချက်ချင်းပင် အလျှိုလျှို ပြန်ကြလေပြီဖြစ်၏။


ဆေးရုံအနီးအနားတွင်နေသူတို့က ခြေကျင်ပြန်ကြ၍တဖုံ၊ အဝေးတွင်နေသူတို့ကား မိဘဝယ်ပေး၍ သို့တည်းမဟုတ် ယောက္ခမဝယ်ပေး၍ သို့တည်းမဟုတ် သူများတွေအမြင်ကတ်လောက်အောင် နားချိန်မထား ဂျီပီထိုင်၍ လဘ်ပေးလဘ်ယူအမှုရှင်းရှင်းဖြင့် ရှိထားသော မော်တော်ကားကို စီး၍တဖုံ ၊ ထိုသို့မှမရှိရှာသော လစာတစ်ခုထဲသာရှိသော ဆရာဝန်ကြီးလောင်းလျာတို့မှာ မြို့တွင်းဖြစ်လျင် ဘတ်စကားတိုးစီး၍တဖုံ ၊မြစ်ကူးချောင်းခြားနေလျင် ကူးတို့ တိုးစီး၍ တဖုံချက်ချင်းပင် ပြန်ကြလေ၏ ။


မည်သည့်အတွက်ကြောင့်များချက်ချင်းပြန်ကြလေသနည်း ။နားနားနေနေပြန်၍မရပြီလော၊ထို့ကြောင့် အိမ်သူသက်ထား၊အိမ်ထောင်ဖက်အား မြင်ချင်ဇောဖြင့် ချက်ချင်းနေအိမ်ပြန်ပြီးအနားယူပေမည် လေ ဟုဆိုသော် ထိုသို့ထင်လေသူ မှားချေမည်တည်း။


အနှီထိုထို ဆရာဝန်ကြီးဆရာဝန်လေးဆရာဝန်ကြီးလောင်းလျာတို့ကား ပြည်သူ့ဆေးရုံအလုပ်ပြီးသော်လည်း ဆေးကုသသည့် အလုပ်ကား လက်စမသတ်နိုင်ကြသေးချေတကား။


အသို့နည်းဟူမူ ညနေခင်း ဂျီပီချိန်ဆင်းကြဦးမည် ဖြစ်သောကြောင့်တည်း။
မိမိတို့ ဆည်းပူးခဲ့သော ကျန်းမာသောဘဝနေထိုင်မှုပုံစံ ကို မေ့ချင်ယောင်ဆောင်ကြပြီးသကာလ ၊ ပြင်ပဆေးရုံဆေးခန်းအသီးသီးတွင် အသက အသက
(အချို့ဆို့ ညအိပ်ချိန်ကိုလျှော့၍ပင် ) ဆေးကုကြသေးသည် ဖြစ်သောကြောင့်ပေတည်း ။


ဆရာဝန်များ လောဘကြီး၍လော။ဤသို့မေးအပ်သည်ရှိသော် ဟယ်အသို့မေးအပ်လေသနည်း၊
ဤလောကမြေမဟီတွင် ပုထုဇဉ်မှန်သမျှ လောဘမရှိသူမည်သူရှိလေသနည်း ၊လောဘကြီးသူဆိုရန်ကလည်း မည်သို့ကျိုးကြောင်သင့် ၍နည်းဟုစစ်ကြောရန်ရှိချေ၏။


ဆရာဝန်တွေ အဘယ်သို့ကြောင့် ဂျီပီကို နေ့မအားညမနားထိုင်ရလေသနည်း။သူရို့လည်း အနားမရသလို အကျွန်တို့ လူနာတွေလည်း နားနားနေနေ အကုသခံရသည် ဆိုသည်မရှိချေ ၊
အဘယ်မျှဆိုးလေသနည်း၊ ဤဆရာဝန်တွေ လောဘကြီးနေကြခြင်းမဟုတ်တုံလော ။


စောကြောကြည့်ကြပါစို့။


ငယ်စဉ် ဆရာ
ဝန်ကြီးဖြစ်မလာသေးခင် ဘဝ ဆယ်စုနှစ်များက နှစ်ဆယ်လေးနာရီ အစရှိသဖြင့် အလုပ်ဆင်းခဲ့ရ၍ယခု အရှိန်မထိန်းနိုင်ဖြစ်ခြင်းပေလော ၊တဖန် ယခင်က ထိုကဲ့သို နာရီများစွာ အလုပ်လုပ်စဉ်က မညီးမညူကြခြင်းမှာ တနေ့တွင် ဆရာဝန်ကြီးဖြစ်လာပါက ယခု လူအများဆိုကြသကဲ့သို့ လောဘကြီးစွာ ဂျီပီ ထိုင်နိုင်အောင် ဟု ရည်မှန်းခဲ့၍များလော စောကြောရန်ရှိချေပြန်၏ ။


အနှီဆရာဝန်တို့ ပြဆိုသော အကြောင်းရင်းတွင်ကား ဤသို့ရှိလေ၏ ။


ဆရာဝန်ငယ်များ နာရီချိန်များစွာ ပြည်သူ့ဆေးရုံများတွင်ဆင်းနေကြသည်မှာ ဆရာဝန်အင်အား မမျှ၍ ဟုဆို၏ ။


ပြည်သူများမှာ ဘိုးဘိုးအောင် ဝလုံးရေးသလို တနေ့တခြား
များ များ များ များ လာသော် လည်း ဆရာဝန်များလည်း များလာနေသည် ၊အသို့ မမျှသနည်းဟုဆိုပြန်သော် အကျွန်တို့သိသည်မှာ ဆေးကျောင်းဝင် ဆေးကျောင်းထွက်ဆရာဝန်များ သာ ဖြစ်သေးသည် ဆေးရုံဝန်ထမ်းဆရာဝန်အရေအတွက်ကောအသို့နည်းဟုဆက်လက်သိရန်ရှိသေးသည်ဆို၏ ။


ထိုသို့ဆိုလျှင် ဆရာဝန်တွေ ဆေးကျောင်းထွက် ပြီးဆရာဝန်ဖြစ်လာသော်လည်း အကြောင်းအမျိုးမျိုး အကြောင်းပြ၍ ဆေးကုဆရာဝန်မလုပ်ကြ ၊ ပြည်သူ့ဆရာဝန်အဖြစ်အလုပ်မဝင်ကြလို့ပေါ့ဟု ဆိုလာသော် ဟုတ်လည်းဟုတ် မဟုတ်လည်းမဟုတ် ဟုဆိုပြန်၏ ။


ရှင်းလော့၊ရှင်းလော့။


ဆရာဝန်ဖြစ်ပြီးသော် အစိုးရမှ အလုပ်မခန့်ခင် နှစ်ကာလများတွင် အသက အသက သော
နိုင်ငံတကာ ဆရာဝန်ဖြစ်စာမေးပွဲများ ဖြေဆိုအောင်မြင်ကြကာ နိုင်ငံတကာ အဆင့်မီဆေးရုံများရှိသော နိုင်ငံတကာ တွင် သွားရောက်တာဝန် ထမ်းကြခြင်းဖြင့်တစ်မျိုး ၊ ကျန်ရှိလူများမှာလည်း အလုပ်ခန့်ရန် စောင့်စားရင်းအိမ်ထောင်ကျရာ အိမ်ရှင်မဖြစ်သွားခြင်း တဖုံသို့မဟုတ် အခြားဝါသနာပါရာ၊ လက်သင့်ရာ၊ မိဘလက်ငုပ်ဖြစ်ရာ စသဖြင့် အရာရာကို လက်စမ်းလုပ်ရင်း ဘဝအခြေတင့်နေကြခြင်းဖြင့်တစ်မျိုး ၊တဖန်တုံလည်း
အလုပ်ခန့်ပြန်သော် ကျန်ရှိ အစိုးရအရာရှိ ပြန်တမ်းဝင်လောင်းလျာ အားလုံး အလုပ် ခန့်ရန်ကလည်း ဘတ်ဂျက်ဆိုသော အရာကို ငဲ့ကာ တစ်စစီ တဖွဲ့စီသာ အလုပ်ဝင်ခွင့်ရနေ သောကြောင့်ဟု ဆို၏။


ဒီလိုဖြင့်ဆိုရင် ဒီ ဘတ်ဂျက်ဆိုတာကြီးကြောင့် ဆရာဝန်နည်းနေလျင် အဲဒိဘတ်ဂျက်ဆိုတာကြီးကို မငဲ့ရအောင် အနှီဆရာဝန်တို့၏ အဦးအဆောင်ကလုပ်ရမလေဟုစောကြောပြန်သော် ၊မဟုတ်လေ၏ ဟုဆို၏။

အဲသဟာကို အဲသလို လုပ်နိုင်သော် သူရို့ ဆရာဝန် အဦးအဆောင်အပါအဝင် ဆရာဝန်အားလုံးကပိုလို့ပင် ပျော်ကြလေမည်ဆိုချေ၏၊။


အကြောင်းကား ဆရာဝန်အရေအတွက် ဒိထက် နှစ်ဆများလျှင် နှစ်ဆ အလုပ်သက်သာမည် ၊ အဆ တစ်ရာများလာ သောတစ်နေ့ အလုပ်ပင် လုလုပ် မှ လုပ်ရမည့်ခြေဖြစ်လာမည် ၊ အဘယ်မျှသက်သာသော ဆရာဝန်အလုပ်ဖြစ်လာမည်နည်းဟု ဆိုပါလေ၏။


သို့ကလိုဆိုရင် ပြည်သူ့ဆေးရုံများတွင် အချိန်ပိုလုပ်နေရ​သောအကြောင်းကားသင့်ပြီ။
ဤသို့လုပ်နေရပါလျက် အဘယ်ကြောင့် လောဘကြီးပြီး ပြင်ပဆေးရုံ ပြင်ပဆေးခန်းများတွင်ပါ အလုပ်တွဲလုပ်ခြင်း အလုပ်တွန်းလုပ် ခြင်းတို့ကို တွင်တွင်ကြီး လုပ်နေကြသနည်း ။


ဆရာဝန်တွေ လောဘကြီးလှပါတယ် ဆိုလာတာကို အနှီဆရာဝန်တို့ ပြဆိုသော အကြောင်းရင်းတွင်ကား ဤသို့ရှိလေ၏ ။


သူရို့မှာ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင် ပြီးသော် နိုင်ငံတကာ က နိုင်ငံတကာအဆင့် ဆေးရုံများတွင် တာဝန်ထမ်းနေရသူ သကောင့်သား ဆေးကျောင်းတက်စဉ်က အပေါင်းအဖော်များလို physical,mental and social lifestyle အပြည့်ဖြင့် အိမ်ပြန် ၊ မိသားစုနှင့်နေ ၊ ဝါသနာပါရာ အခြား လောကီလောကုတ် အကျိုးရှိရာ၊ ဆေးလောကြီးတိုးတက်ဖွယ်ရာတို့ကို မလုပ်လိုသည်မဟုတ် လေ။


ထိုထိုနိုင်ငံတကာနေသူတို့လို သူရို့မှာ ဝင်ငွေမရရှိသည့်ပြင် ၊
ဤမြေဤဌာနနေအခြားပြန်တမ်းဝင်အဆင့်တူသူတို့လို မဆိုထားနှင့် ပြန်တမ်းဝင်အဆင့်မရှိသောသူ တို့လို တစ်ခုထက်မကသော ဝင်ငွေဝင်လမ်းကို ဂျီပီထိုင်ခြင်းဟုဆိုထသော လဘ်ပေးလဘ်ယူကင်းသော အလုပ် ကို အပိုလုပ်ခြင်း တစ်မျိုးမှတပါး ရနိုင်ခြင်း မရှိသောကြောင့် သာလျှင် ဖြစ်လေသည် ဆို၏ ။


ဤသို့မလုပ်လျင်လည်း လစာမှာ တစ်မိသားစုမဆိုလေနှင့်ဦး ၊ တစ်ဦးတစ်ယောက် တစ်ကိုယ်ရေ စာမျှလောက်ငှသည်ဆိုလျှင် အံ့ဖွယ် ဖြစ်ခြေဦးမည် ၊ ဆရာ့ဆရာဝန်အကြီးကြီးများပင်လျင် မိမိတို့ထံတွင် ခခယယ ဝပ်ဝပ်တွားတွားလာရောက်ပြီးသကာလ ဟိုဆေးဒီဆေးနိုင်ငံတကာဆေးအဖုံဖုံကို လာရောက်ရောင်းချနေသူ ဆေးအရောင်းသမား၏လစာ မျှလောက် ပင် ဆရာဝန်ကြီး၏လုပ်ခလခစာမှာ မယှဉ်နိုင်လေရကား အကျွန်တို့ကို စဉ်းစားလေ ဟုဆိုလာရှာ၏ ။


ဤသို့ ဆရာဝန်ကြီး၏လုပ်ခလခစာ နည်းသည်မှာလည်း ဘတ်ဂျက်ဆိုသည်ကြီးကြောင့်ပင်ဟု ဆိုပြန်လေ၏။


ဤတွင် သူရို့ အလုပ်တွေမနားတမ်းလုပ်နေရသည်မှာ ဘတ်ဂျက်ဟုဆိုအပ်သော အကြောင်းရင်ခံကြောင့်ဆိုသည်မှာကားရှင်းလေပြီ။လောဘကြီးသည် မကြီးသည်မှာ မရှင်းသေး ချေ။ (စာနှိပ်သူလည်း လက်ညောင်းပြီ ၊ စာဖတ်သူအတွက်လည်း မျက်လုံးညောင်းလောက်ပြီ ၊ ခတ္တနားသည့်အနေဖြင့် ရေတခွက်သွားသောက်ချေဦးမည်)


Comments :

0 Comments to “ဆရာဝန်များ လောဘကြီး၍လော။”

Post a Comment

 
May You Meet
TrustWorthy Persons
in Your Life

KoGyiThu
ဒီ ဘလော့ မှာ Photo တွေ ကို Blogspot က နေ တင် ပြီး တဆင့်  သုံး တဲ့  အ တွက် မြန် မာ နိုင် ငံ မှ အင်တာနက် သုံး သူ များ အနေ ဖြင့် photo တွေ ကို မြင် ရ မှာ မ ဟုတ် ပါ ဘူး ။ကို ကြီး သူ က အမှတ် တ၇ တင် ထား တာ သက် သက် ဆို တော့  နောင် များ မှာ UnBlocking the Blog အချိန် လေး များ ရောက် ရင် တော့ံ ပြန် ကြည့် နိုင် မှာ ကို ကို ယ် တိုင် လဲ မျှော် လင့် နေ ရ ကြောင်း ပါ ခင် ဗျာ .။