This post is written in Myanmar3 unicode font.
ဆရာဝန်များ လောဘကြီး၍လော။
ဆရာဝန်များ အရည်အချင်းမရှိ၍လော။
ဆရာဝန်များ လူနာအပေါ် စေတနာမရှိ၍လော။
(၁) အဆက်
ပြည်သူ့ဆေးရုံများတွင် အလုပ်များခြင်း ၊ ပြင်ပဆေးရုံများတွင်ပါ အလုပ်လုပ်ရခြင်းတို့
၏ မူလဘူတ အကြောင်းရင်ခံကား ရှင်းချေပြီ။
လောဘကြီးသည် မကြီးသည်မှာ မရှင်းသေး ချေ။
ဆက်၍ စောကြောကြဦးစို့ ။
ဤသို့ ပြင်ပဆေးရုံဆေးခန်းထိုင်ရာတွင် တစ်နေကုန် တစ်ညလုံး အထိထိုင်နေကြသည်မှာတော့
မလောက်ငခြင်း အဆင့်ကို ကျော်ကာ လောဘကြီးသည့်အဆင့် ရောက်ခြင်း မဟုတ်တုံလောဟူသော
စောကြောချက်ကိုဤသို့ တုံ့ပြန်ဆိုလာ၏။
လူနာတစ်ယောက်အတွက် ရရှိသော အတိုင်ပင်ခံခ ကြေးမှာ ဟိုနားဒီနား တက်ကစီ စီးခမျှသာ
ယူနိုင်လေရာ လူနာများများ ရရန်အတွက် နေရာများများ ဂျီပီချိန်များများ ထိုင်ရသည်ဆို၏။
ဤသို့ များများကြည့်ရသဖြင့် လူနာတစ်ဦးအတွက် ကုန်ကျငွေ မများလှသလို ၊ လူနာများဆန္ဒရှိသလို စစ်ဆေးစမ်းသပ်ချိန် မရရှိခြင်းရှိရသည်ဆို၏ ။ဤသည်မှာ လူနာအပေါ် စေတနာမရှိ၍မဟုတ် စေတနာ ကြောင့်ဝေဒနာဖြစ်နေသည်ဟုဆိုပြန်ချေ၏။
ဤသို့ဆိုလျှင် နှစ်ဆယူလေ ၊နှစ်ဆ အချိန်ပိုပေးနိုင်လေမည်လား ဟုစောကြောသော် ၊
ပြည်သူအများက လည်း နှစ်ဆပေးနိုင်ချေ မှာ တစ်ဦးတစ်ယောက်ချင်း၏ ဘတ်ဂျက်ကခွင့်ပြုနိုင်မည်မဟုတ် ၊ ထို့သို့ ခွင့်မပြုနိုင်ခြင်မှာလည်း အသက အသက ဘေးထွက်ကုန်ကျငွေများ နှင့် ကာမိစေရန် ကြောင့်ဖြစ်၏ ၊ ၎င်း ဘေးထွက်ကုန်ကျငွေများမှာလည်း မူလဘူတ ဘတ်ဂျက်မလောက်ငှသဖြင့် အသက အသက ဆိုင်ရာ ပိုင်ရာ ရနိုင်ရာရာ ဘေးဝင်ငွေဖြင့် မိမိတို့၏ တစ်ကိုယ်ရေဘတ်ဂျက် ဖြည့်တင်းကြခြင်း ကြောင့်ဖြစ်ရာ ၊ အကြောင်းကြောင်း သော အကြောင်းကြောင်း တို့၏ မူလဘူတမှာ မူလဘူတပင်ဖြစ်ခြေသည် ဟု အကြောင်းဆိုလာ၏ ။
(လဘ်ယူမှုသည် ဝန်ထမ်းလောကတွင်သာရှိပြီး ပြင်ပလောကတွင်မရှိသလောက်ရှားသည်ကို နောင်တွင်စောကြောကြဦးစို့)
အခြားအကြောင်းကား အချို့နိုင်ငံတကာ တွင်ပင် မရှိသေးသော စံနစ်ဖြစ်သည့် ပြင်ပဆေးရုံဆေးခန်းများတွင် မိမိတို့ ပြသချင်သူနှင့်ပြသခွင့်ရှိသောကြောင့် (အချို့နိုင်ငံတကာ တွင်ပင် ဤသို့မရှိသေးဟုဆိုပြန်ရာ အကျွန်တို့ နိုင်ငံတော်ကြီးမှာ ရှေ့တန်းရောက်လှပြီ ဟုထင်လိုက်မိပါ လျင် ဆက်၍ရှုတော်မူ) နာမည်ကြီးဆရာဝန်တို့မှာ လူနာပုံနေလေရာ ဤနေရာ တွင် ငွေနည်း၍ထက် လူနာများနေခြင်းသည် အကြောင်းရင်းဖြစ်နေသည်ဟုဆို၏။ငွေနှစ်ဆယူ၍ အချိန်နှစ်ဆပေးသော် လူနာတစ်ဝက်သာ ကြည့်နိုင်တော့မည် သို့တည်းမဟုတ် physical,mental and social lifestyle အပြည့်ရစေရန် ရည်ရွယ်ပြီးသကာလ အတိုင်ပင်ဉာဏ်ပူဇော်ခငွေပိုယူပြီး လျှင်လူနာတစ်ယေက်ချင်းဆေးကုသချိန်အချိန်ပိုပေးပြီးမိမိ၏ တနေ့တာဆေးကုသချိန်လျှော့ပါက ရောဂါလာရောက်ပြသချင်၊ကုသချင်သောလူနာတို့မှာ ကင်ဆာရောဂါဖြစ်ရာဓာတ်ရောင်ခြည်ပြသရန်ရှိသော်လည်း ရက်ချိန်းကသေပြီးမှရသလို ဖြစ်နေခြေသော်ကော ဟုဆိုလာ ပေ၏။
စေတနာမရှိ၍မဟုတ်လေတဲ့။
လောဘကြီး၍မဟုတ်လေတဲ့။
လောဘကြီးသည်မကြီးသည်ကားအတော်လေးရှင်းပြီ။အကြောင်းရင်းဖြစ်တဲ့ မူလဘူတ ဘတ်ဂျက်ကြီးကြောင့်ဆိုသည်လည်းရှင်းပြီ။
စေတနာရှိခြင်းမရှိခြင်းအားအနည်းငယ်မျှသာ ရှင်းသေးသဖြင်း ဆက်လက် စောကြောအံ့။
ဤသို့စေတနာထားရိုးမှန်ပါလျှင် အဘယ်သို့သောအကြောင်းကြောင့် ကောင်းကောင်းဆဲချင်စရာ ကောင်းဆြဲလင်း မျှသာပေးသနည်း ဆိုသော စောကြောချက်မှာ အချိန်မလောက်ငှခြင်းဆိုသော အချက်၏နောက်ဆက်တွဲ ရလဒ်ဟုဆိုလေ၏။(နောက်ဆက်တွဲမှတ်ချက်အနေဖြင် ထပ်မံဆိုသည်မှာ ကောင်းဆြဲလင်း ပေးသော်လည်း လူနာမှ လိုက်နာလေ့ မရှိသော ပြည်သူ့ဆေးရုံအတွေ့အကြုံ များကြောင့် ကောင်းဆြဲလင်းအပြည့် မပေးခြင်းမဟုတ်ဟုဆိုသေး၏ ။)
အသို့ဆိုသော် ဆရာဝန်များ အရည်အချင်းတွင်ကော အသို့နည်း ဟူမူ မြန်မာဆရာဝန်များ မအောင်ဘူးသော နိုင်ငံတကာဆေးပညာစာမေးပွဲမရှိကြောင်း ၊ဆရာဝန်ကြီးဖြစ်လာသူများမှာလည်း အဆင့်ဆင့် အောင်မြင်ဖြတ်သန်းခဲ့ရသော စာဖြေစာမေးပွဲ ၊ လက်တွေ့စာမေးပွဲ ၊ ကုသမှုအတွေ့အကြုံများ ရင့်ကျက်ပြီးသူများသာဖြစ်ကြောင်း ရွှန်းရွှန်ဝေရှင်းပြပြီးနောက်တွင်
လောကတွင် မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား မရှိသည်ဖြစ်ရာ တစ်ကြိမ်တစ်ခါ စသဖြင့် ဖြစ်တတ်သော်လည်းအကြိမ်ကြိမ်အခါခါ ဖြစ်နေလျှင်သာ အရည်အချင်းမဲ့ရာရောက်ကြောင်း ၊အကြိမ်တစ်ရာတွင်တစ်ကြိမ်မှားတတ်ခြင်းရှိတတ်သောကိစ္စမျိုးတွင် အကြိမ်တစ်သောင်းတွင်မည်မျှမှားနိုင်ခြေရှိတတ်သည်ကို အဆမှန်ဖြစ်တန်စွမ်းတွင်အကြိမ်များ
လျှင်အခွင့်ပိုများနိုင်ရာ ၊ သင့်တင့်လျောက်ပတ်သော ပမာဏ ( ဥပမာ ရုပ်ရှင်မင်းသားတစ်ယောက်ကို တစ်လကို ရိုက်ကူးနိုင်သော ဇာတ်ကားအရေအတွက် ကန့်သတ်ရာ ၊ ရိုက်ကူးသောဇာတ်လမ်း၌ ပိုမို စိတ်စူးစိုက်သရုပ်ဆောင်နိုင်လာခြင်း ၊ဝင်ငွေများစွာရသော နိုင်ငံတကာသရုပ်ဆောင်များ ဇာတ်ကားအထွက်ကြဲပြီးသရုပ်ဆောင်မှုကောင်းမွန်ခြင်း ) သာရှိသော လူနာဦးရေကန့်သတ်ကုသခြင်း ၊ အချိန်ကန့်သတ်ကုသခြင်းပြု နိုင်ရန်အတွက်... ဆရာဝန်များအလုပ်ပိုလုပ်နေရခြင်း နှင့် လူနာများ ဆန္ဒမပြည့်ဝခြင်း၏ အကြောင်းရင်းဖြစ်သော မူလဘူတ ဘတ်ဂျက်ကို တိုးမြှင့်ပေးနိုင်သောနေ့ကို သာစောင့်မျှော်
သို့မဟုတ် တောင်းဆိုခြင်း သို့မဟုတ် ပေးခွင့်ရှိသူတို့ ပေးချင်လာခြင်း သို့မဟုတ် ပေးချင်သူတို့ အတွက် ဖူလုံသောအခွန်အခဝင်ငွေ မှန်မှန်ကန်ကန် ရရှိ လာသောအခါ တွင်...........
ဆရာဝန်များ လောဘကြီး၍လော။
ဆရာဝန်များ အရည်အချင်းမရှိ၍လော။
ဆရာဝန်များ လူနာအပေါ် စေတနာမရှိ၍လော။
ဆိုသည့် မေးခွန်းစောကြောချက်များ သည် အလင်းလာ၍အမှောင်ပျောက်ရသလို
အဖြေထုတ်ပြီးဖြစ်နေလိမ့်မည် ဖြစ်တော့သတည်း ။။
(မှတ်ချက် - မူလဘူတဘတ်ဂျက်အကြောင်း စောကြောချက်နှင့်လဘ်ယူမှုသည် ဝန်ထမ်းလောကတွင်သာရှိပြီး ပြင်ပလောကတွင်မရှိသလောက်ရှားသည်ကို စောကြောချက် ဆက်လက်မျှော်လိုက မျှော်တော်မူ )
Foot note :
(1) WHO defination of health in WHO constitution (1948)
Health is a state of complete physical,mental and social well-being
and not merely an absence of disease or infirmity.
(2) The constitution of WHO states that Health is a basic Human Right and a world wide social goal ; that is essential to the satisfaction of Basic Human Needs and Quality of life.
ဆရာဝန်များ လောဘကြီး၍လော။ ဆရာဝန်များ အရည်အချင်းမရှိ၍လော။ ဆရာဝန်များ လူနာအပေါ် စေတနာမရှိ၍လော။
Big Brother Thu, Saturday, December 31, 2011ဆရာဝန်များ လောဘကြီး၍လော။
Big Brother Thu, Saturday, December 10, 2011This post is written in Myanmar3 font.
ဆရာဝန်များ လောဘကြီး၍လော။
ဆရာဝန်များ အရည်အချင်းမရှိ၍လော။
ဆရာဝန်များ လူနာအပေါ် စေတနာမရှိ၍လော။
စောကြောကြည့်ကြပါစို့။
ဆရာဝန်များ အထူးသဖြင့် နာမည်ကြီးဆရာဝန်ကြီးများ တစ်နေကုန်ဆေးကုနေကြသည်မှာ ၊နားရက်နားချိန်ပင်မထားလေသည်လောမသိ။ဆရာဝန်များ လောဘကြီး၍ပေလော။
နံနက်စောစော ပြည်သူ့ဆေးရုံများတွင်တာဝန်ချိန်မရောက်သေးခင် သုံးလေးနာရီ ကြိုပြီး ပုဂ္ဂလိကဆေးရုံများ၊ဆေးခန်းများတွင်ဆေးကုကြ၏။
ထို့နောက်တဖန် ပြည်သူ့ဆေးရုံများတွင်တာဝန်ချိန်ကိုထမ်းဆောင်ရ၏ ။
ထိုသို့ထမ်းဆောင်ရရုံဖြင့်လည်းအားမရသေးသည်လောမသိ ၊
နေ့ခင်းနေ့ဘက် တာဝန်မှအနားခတ္တရချိန်လေးတွင်လည်း တစ်နာရီတန်သည် ၊နှစ်နာရီတန်သည် ပြင်ပဆေးရုံဆေ:ခန်းများတွင် ဆေးကုကြသေး၏။
ပြီးလျှင်ပြည်သူ့ဆေးရုံများတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြပြန်၏ ။
ဤသို့ဖြင့် ညနေလေးနာရီထိုးလျှင်ပြည်သူ့ဆေးရုံများတွင်တာဝန်ပြီးဆုံး၏။
ဆရာကြီးမဟုတ်သေးသူဆရာလေးဟုခေါ်ရမည်လောမသိသူ ဆရာဝန်များကားပြည်သူ့ဆေးရုံများတွင် အချို့မှာ နေ့ဆိုင်းညဆိုင်းဆင်း၍လည်းကောင်း၊ အချို့မှာ မြန်မာတစ်ပြည်လုံးရှိရှိသမျှပြည်သူ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိကြီးဟူသော ဂုဏ်ဆောင်သူများထဲတွင်မှ အလုပ်ချိန်အကြာဆုံးလုပ်၍ ဂရင်းနစ်စံချိန်ယူမည့် ပြန်တမ်းဝင်အရာရှိဟူ၍ရည်ရွယ်ထားသလောမသိ ပြည်သူ့ဆေးရုံများတွင် နှစ်ဆယ့်လေးနာရီ အချိန်ဆိုင်းဖြင့်ဆင်းကြလေ၏၊အချို့ကား ထို့ထက်မက သုံးဆယ်နာရီ ၊သုံးဆယ့်ခြောက်နာရီ စသည်ဖြင့် အလုပ်ဆင်းကြရသူများလည်းရှိပြန်သေး၏။
အခြားသူများကား လေးနာရီထိုးလျင်တာဝန်ချိန်ပြီး၏။ဤသို့လေးနာရီထိုးကာတာဝန်ချိန်ပြီးလျှင် တာဝန်ထမ်းဆရာဝန်တို့မှာ ဆေးရုံမှချက်ချင်းပင် အလျှိုလျှို ပြန်ကြလေပြီဖြစ်၏။
ဆေးရုံအနီးအနားတွင်နေသူတို့က ခြေကျင်ပြန်ကြ၍တဖုံ၊ အဝေးတွင်နေသူတို့ကား မိဘဝယ်ပေး၍ သို့တည်းမဟုတ် ယောက္ခမဝယ်ပေး၍ သို့တည်းမဟုတ် သူများတွေအမြင်ကတ်လောက်အောင် နားချိန်မထား ဂျီပီထိုင်၍ လဘ်ပေးလဘ်ယူအမှုရှင်းရှင်းဖြင့် ရှိထားသော မော်တော်ကားကို စီး၍တဖုံ ၊ ထိုသို့မှမရှိရှာသော လစာတစ်ခုထဲသာရှိသော ဆရာဝန်ကြီးလောင်းလျာတို့မှာ မြို့တွင်းဖြစ်လျင် ဘတ်စကားတိုးစီး၍တဖုံ ၊မြစ်ကူးချောင်းခြားနေလျင် ကူးတို့ တိုးစီး၍ တဖုံချက်ချင်းပင် ပြန်ကြလေ၏ ။
မည်သည့်အတွက်ကြောင့်များချက်ချင်းပြန်ကြလေသနည်း ။နားနားနေနေပြန်၍မရပြီလော၊ထို့ကြောင့် အိမ်သူသက်ထား၊အိမ်ထောင်ဖက်အား မြင်ချင်ဇောဖြင့် ချက်ချင်းနေအိမ်ပြန်ပြီးအနားယူပေမည် လေ ဟုဆိုသော် ထိုသို့ထင်လေသူ မှားချေမည်တည်း။
အနှီထိုထို ဆရာဝန်ကြီးဆရာဝန်လေးဆရာဝန်ကြီးလောင်းလျာတို့ကား ပြည်သူ့ဆေးရုံအလုပ်ပြီးသော်လည်း ဆေးကုသသည့် အလုပ်ကား လက်စမသတ်နိုင်ကြသေးချေတကား။
အသို့နည်းဟူမူ ညနေခင်း ဂျီပီချိန်ဆင်းကြဦးမည် ဖြစ်သောကြောင့်တည်း။
မိမိတို့ ဆည်းပူးခဲ့သော ကျန်းမာသောဘဝနေထိုင်မှုပုံစံ ကို မေ့ချင်ယောင်ဆောင်ကြပြီးသကာလ ၊ ပြင်ပဆေးရုံဆေးခန်းအသီးသီးတွင် အသက အသက
(အချို့ဆို့ ညအိပ်ချိန်ကိုလျှော့၍ပင် ) ဆေးကုကြသေးသည် ဖြစ်သောကြောင့်ပေတည်း ။
ဆရာဝန်များ လောဘကြီး၍လော။ဤသို့မေးအပ်သည်ရှိသော် ဟယ်အသို့မေးအပ်လေသနည်း၊
ဤလောကမြေမဟီတွင် ပုထုဇဉ်မှန်သမျှ လောဘမရှိသူမည်သူရှိလေသနည်း ၊လောဘကြီးသူဆိုရန်ကလည်း မည်သို့ကျိုးကြောင်သင့် ၍နည်းဟုစစ်ကြောရန်ရှိချေ၏။
ဆရာဝန်တွေ အဘယ်သို့ကြောင့် ဂျီပီကို နေ့မအားညမနားထိုင်ရလေသနည်း။သူရို့လည်း အနားမရသလို အကျွန်တို့ လူနာတွေလည်း နားနားနေနေ အကုသခံရသည် ဆိုသည်မရှိချေ ၊
အဘယ်မျှဆိုးလေသနည်း၊ ဤဆရာဝန်တွေ လောဘကြီးနေကြခြင်းမဟုတ်တုံလော ။
စောကြောကြည့်ကြပါစို့။
ငယ်စဉ် ဆရာ
ဝန်ကြီးဖြစ်မလာသေးခင် ဘဝ ဆယ်စုနှစ်များက နှစ်ဆယ်လေးနာရီ အစရှိသဖြင့် အလုပ်ဆင်းခဲ့ရ၍ယခု အရှိန်မထိန်းနိုင်ဖြစ်ခြင်းပေလော ၊တဖန် ယခင်က ထိုကဲ့သို နာရီများစွာ အလုပ်လုပ်စဉ်က မညီးမညူကြခြင်းမှာ တနေ့တွင် ဆရာဝန်ကြီးဖြစ်လာပါက ယခု လူအများဆိုကြသကဲ့သို့ လောဘကြီးစွာ ဂျီပီ ထိုင်နိုင်အောင် ဟု ရည်မှန်းခဲ့၍များလော စောကြောရန်ရှိချေပြန်၏ ။
အနှီဆရာဝန်တို့ ပြဆိုသော အကြောင်းရင်းတွင်ကား ဤသို့ရှိလေ၏ ။
ဆရာဝန်ငယ်များ နာရီချိန်များစွာ ပြည်သူ့ဆေးရုံများတွင်ဆင်းနေကြသည်မှာ ဆရာဝန်အင်အား မမျှ၍ ဟုဆို၏ ။
ပြည်သူများမှာ ဘိုးဘိုးအောင် ဝလုံးရေးသလို တနေ့တခြား
များ များ များ များ လာသော် လည်း ဆရာဝန်များလည်း များလာနေသည် ၊အသို့ မမျှသနည်းဟုဆိုပြန်သော် အကျွန်တို့သိသည်မှာ ဆေးကျောင်းဝင် ဆေးကျောင်းထွက်ဆရာဝန်များ သာ ဖြစ်သေးသည် ဆေးရုံဝန်ထမ်းဆရာဝန်အရေအတွက်ကောအသို့နည်းဟုဆက်လက်သိရန်ရှိသေးသည်ဆို၏ ။
ထိုသို့ဆိုလျှင် ဆရာဝန်တွေ ဆေးကျောင်းထွက် ပြီးဆရာဝန်ဖြစ်လာသော်လည်း အကြောင်းအမျိုးမျိုး အကြောင်းပြ၍ ဆေးကုဆရာဝန်မလုပ်ကြ ၊ ပြည်သူ့ဆရာဝန်အဖြစ်အလုပ်မဝင်ကြလို့ပေါ့ဟု ဆိုလာသော် ဟုတ်လည်းဟုတ် မဟုတ်လည်းမဟုတ် ဟုဆိုပြန်၏ ။
ရှင်းလော့၊ရှင်းလော့။
ဆရာဝန်ဖြစ်ပြီးသော် အစိုးရမှ အလုပ်မခန့်ခင် နှစ်ကာလများတွင် အသက အသက သော
နိုင်ငံတကာ ဆရာဝန်ဖြစ်စာမေးပွဲများ ဖြေဆိုအောင်မြင်ကြကာ နိုင်ငံတကာ အဆင့်မီဆေးရုံများရှိသော နိုင်ငံတကာ တွင် သွားရောက်တာဝန် ထမ်းကြခြင်းဖြင့်တစ်မျိုး ၊ ကျန်ရှိလူများမှာလည်း အလုပ်ခန့်ရန် စောင့်စားရင်းအိမ်ထောင်ကျရာ အိမ်ရှင်မဖြစ်သွားခြင်း တဖုံသို့မဟုတ် အခြားဝါသနာပါရာ၊ လက်သင့်ရာ၊ မိဘလက်ငုပ်ဖြစ်ရာ စသဖြင့် အရာရာကို လက်စမ်းလုပ်ရင်း ဘဝအခြေတင့်နေကြခြင်းဖြင့်တစ်မျိုး ၊တဖန်တုံလည်း
အလုပ်ခန့်ပြန်သော် ကျန်ရှိ အစိုးရအရာရှိ ပြန်တမ်းဝင်လောင်းလျာ အားလုံး အလုပ် ခန့်ရန်ကလည်း ဘတ်ဂျက်ဆိုသော အရာကို ငဲ့ကာ တစ်စစီ တဖွဲ့စီသာ အလုပ်ဝင်ခွင့်ရနေ သောကြောင့်ဟု ဆို၏။
ဒီလိုဖြင့်ဆိုရင် ဒီ ဘတ်ဂျက်ဆိုတာကြီးကြောင့် ဆရာဝန်နည်းနေလျင် အဲဒိဘတ်ဂျက်ဆိုတာကြီးကို မငဲ့ရအောင် အနှီဆရာဝန်တို့၏ အဦးအဆောင်ကလုပ်ရမလေဟုစောကြောပြန်သော် ၊မဟုတ်လေ၏ ဟုဆို၏။
အဲသဟာကို အဲသလို လုပ်နိုင်သော် သူရို့ ဆရာဝန် အဦးအဆောင်အပါအဝင် ဆရာဝန်အားလုံးကပိုလို့ပင် ပျော်ကြလေမည်ဆိုချေ၏၊။
အကြောင်းကား ဆရာဝန်အရေအတွက် ဒိထက် နှစ်ဆများလျှင် နှစ်ဆ အလုပ်သက်သာမည် ၊ အဆ တစ်ရာများလာ သောတစ်နေ့ အလုပ်ပင် လုလုပ် မှ လုပ်ရမည့်ခြေဖြစ်လာမည် ၊ အဘယ်မျှသက်သာသော ဆရာဝန်အလုပ်ဖြစ်လာမည်နည်းဟု ဆိုပါလေ၏။
သို့ကလိုဆိုရင် ပြည်သူ့ဆေးရုံများတွင် အချိန်ပိုလုပ်နေရသောအကြောင်းကားသင့်ပြီ။
ဤသို့လုပ်နေရပါလျက် အဘယ်ကြောင့် လောဘကြီးပြီး ပြင်ပဆေးရုံ ပြင်ပဆေးခန်းများတွင်ပါ အလုပ်တွဲလုပ်ခြင်း အလုပ်တွန်းလုပ် ခြင်းတို့ကို တွင်တွင်ကြီး လုပ်နေကြသနည်း ။
ဆရာဝန်တွေ လောဘကြီးလှပါတယ် ဆိုလာတာကို အနှီဆရာဝန်တို့ ပြဆိုသော အကြောင်းရင်းတွင်ကား ဤသို့ရှိလေ၏ ။
သူရို့မှာ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင် ပြီးသော် နိုင်ငံတကာ က နိုင်ငံတကာအဆင့် ဆေးရုံများတွင် တာဝန်ထမ်းနေရသူ သကောင့်သား ဆေးကျောင်းတက်စဉ်က အပေါင်းအဖော်များလို physical,mental and social lifestyle အပြည့်ဖြင့် အိမ်ပြန် ၊ မိသားစုနှင့်နေ ၊ ဝါသနာပါရာ အခြား လောကီလောကုတ် အကျိုးရှိရာ၊ ဆေးလောကြီးတိုးတက်ဖွယ်ရာတို့ကို မလုပ်လိုသည်မဟုတ် လေ။
ထိုထိုနိုင်ငံတကာနေသူတို့လို သူရို့မှာ ဝင်ငွေမရရှိသည့်ပြင် ၊
ဤမြေဤဌာနနေအခြားပြန်တမ်းဝင်အဆင့်တူသူတို့လို မဆိုထားနှင့် ပြန်တမ်းဝင်အဆင့်မရှိသောသူ တို့လို တစ်ခုထက်မကသော ဝင်ငွေဝင်လမ်းကို ဂျီပီထိုင်ခြင်းဟုဆိုထသော လဘ်ပေးလဘ်ယူကင်းသော အလုပ် ကို အပိုလုပ်ခြင်း တစ်မျိုးမှတပါး ရနိုင်ခြင်း မရှိသောကြောင့် သာလျှင် ဖြစ်လေသည် ဆို၏ ။
ဤသို့မလုပ်လျင်လည်း လစာမှာ တစ်မိသားစုမဆိုလေနှင့်ဦး ၊ တစ်ဦးတစ်ယောက် တစ်ကိုယ်ရေ စာမျှလောက်ငှသည်ဆိုလျှင် အံ့ဖွယ် ဖြစ်ခြေဦးမည် ၊ ဆရာ့ဆရာဝန်အကြီးကြီးများပင်လျင် မိမိတို့ထံတွင် ခခယယ ဝပ်ဝပ်တွားတွားလာရောက်ပြီးသကာလ ဟိုဆေးဒီဆေးနိုင်ငံတကာဆေးအဖုံဖုံကို လာရောက်ရောင်းချနေသူ ဆေးအရောင်းသမား၏လစာ မျှလောက် ပင် ဆရာဝန်ကြီး၏လုပ်ခလခစာမှာ မယှဉ်နိုင်လေရကား အကျွန်တို့ကို စဉ်းစားလေ ဟုဆိုလာရှာ၏ ။
ဤသို့ ဆရာဝန်ကြီး၏လုပ်ခလခစာ နည်းသည်မှာလည်း ဘတ်ဂျက်ဆိုသည်ကြီးကြောင့်ပင်ဟု ဆိုပြန်လေ၏။
ဤတွင် သူရို့ အလုပ်တွေမနားတမ်းလုပ်နေရသည်မှာ ဘတ်ဂျက်ဟုဆိုအပ်သော အကြောင်းရင်ခံကြောင့်ဆိုသည်မှာကားရှင်းလေပြီ။လောဘကြီးသည် မကြီးသည်မှာ မရှင်းသေး ချေ။ (စာနှိပ်သူလည်း လက်ညောင်းပြီ ၊ စာဖတ်သူအတွက်လည်း မျက်လုံးညောင်းလောက်ပြီ ၊ ခတ္တနားသည့်အနေဖြင့် ရေတခွက်သွားသောက်ချေဦးမည်)
2011 As Usual
Www.KoGyiThu.BlogSpot.Com, Saturday, August 6, 2011
ကျွန်တော်တို့ သုံး ခဲ့ ကြ ကြိုက်ခဲ့ ကြ တဲ့ ... blogspot.com ကတော့...
2011 မှာ လဲ
အရင် လို ပါဘဲလား ...update တွေနဲ့ free ပေးဆဲ ပါ ...
...မြန်မာနိုင်ငံတွင်းကနေ...
သုံးလို့မရ ကြည့်လို့မရတာကတော့လဲ...2011 မှာ အရင် လို ပါဘဲလား...
မြန်မာနိုင်ငံတွင် အသစ်တွေ အသစ်တွေ ပြေင်း ကြ ၊ လဲ ကြ သည်ဆိုသော် လဲ ....
အရင် လို ပါဘဲလား ....( to be continue ? )
....